ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ သန့်ရှင်းသပ်ရပ်ကြည်ညိုဖွယ်ဖြစ်စေရေး ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ Admin, May 16, 2026June 5, 2026 မန္တလေး မေလ ၁၅ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနိက အဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညိုဖွယ်ဖြစ်စေရေး ဂေါပကအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သာသနာ့တာဝန်ထမ်းဆောင်နေသော အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့စေရန်နှင့် ဘုရား၊ စေတီ၊ ပုထိုးများသို့ အလှူရှင်များ လာရောက်ဖူးမြှော်သည့်အခါ ကြည်ညိုဖွယ်ဖြစ်စေရန်နှင့် သန့်ရှင်း သပ်ရပ်မှုရှိစေရန် ဂေါပကအဖွဲ့များက ဩဝါဒါစရိယဆရာတော်များနှင့်တိုင်ပင်၍ ထုံးသင်္ကန်းများ ကပ်လှူ ခြင်း၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ သာသနိကအဆောက်အဦများ ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မန္တလေးမြို့သည် သာသနာထွန်းကားရာနယ်မြေဖြစ်သဖြင့် မဟာမြတ်မုနိဘုရားကြီး အပါ အဝင် တန်ခိုးကြီးဘုရားများစွာရှိပြီး ဘုရား၊ စေတီ၊ ပုထိုးများ သန့်ရှင်းသပ်ရပ်ကြည်ညိုဖွယ်ဖြစ်စေရေး အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း မှာကြားသည်။ ဆက်လက်၍ လူမှုရေးရာဝန်ကြီးက တွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်ဖြစ်သည့် ဂေါပကများကို လည်း တွေ့ဆုံပြောကြားရမည်ဖြစ်ပါကြောင်း၊ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများပြုပြင်မှု သန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်း ဓာတ်ပုံမှတ်တမ်းနှင့်တကွ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အပတ်စဉ်တင်ပြရမည်ဖြစ်ပါကြောင်း၊ ဂေါပကအဖွဲ့ဝင်များအနေဖြင့် လည်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန်မှာကြားခဲ့ ကြောင်းသိရသည်။ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညိုဖွယ်ဖြစ်စေရေး ဂေါပကအဖွဲ့များနှင့် တွေ့ဆုံမှာကြားပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ သတင်း