ဓမ္မဓရသာသနသောဘိဏီ သိမ်တော်ကြီး အလုံးစုံပြန်လည် ပြုပြင်မွမ်းမံပြီး ရေစက်ချအခမ်းအနားကျင်းပ Admin, August 6, 2026September 1, 2026 မန္တလေး၊ ဩဂုတ်လ၊ ၅ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ ဓမ္မဓရသာသနသောဘိဏီ သိမ်တော်ကြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ အဆိုပါသိမ်တော်ကြီးအား ဦးစိုင်းမျိုးထိုက်(ခ) ဦးကျော်+ဒေါ်ပုလဲ (ကျော်ပုလဲ) မိသားစုတို့က တစ်ဦးတည်းအလှူရှင်အဖြစ် ကျပ်သိန်း ၃၇၀၀ အကုန်အကျခံ ပြန်လည်ပြုပြင်မွမ်းမံဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ သိမ်တော်ကြီး အလုံးစုံပြန်လည် ပြုပြင်မွမ်းမံပြီးဖြစ်ပါသဖြင့် ရေစက်ချအခမ်း အနားအား ယနေ့ နံနက်ပိုင်းတွင် ဓမ္မဓရသာသနသောဘိဏီ သိမ်တော်ကြီး၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်အမှူးပြုသော သင်ကြား/စီမံ ဆရာတော်၁၃ပါး၊ အလှူရှင်မိသားစုများ၊ ဒုတိယ ပါမောက္ခချုပ် (စီမံ/ဘဏ္ဍာ) ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခဲ့ကာ အလှူရှင်မိသားစု တို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ပါမောက္ခချုပ် ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဒေါက်တာဘဒ္ဒန္တကေသရထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာယူကြည်ညိုကြသည်။ ဆက်လက်၍ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဆရာတော်ကြီးများ၊ အလှူရှင် မိသားစုများက သိမ်တော်ကြီး၏ ပြန်လည်ပြုပြင်မှုကမ္ဗည်းရွှေချပ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပူဇော်၍ ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးကြကြောင်းသိရသည်။ ငလျင်ဒဏ်သင့်ဓမ္မဓရသာသနသောဘိဏီသိမ်တော်ကြီးအား အလုံးစုံပြုပြင်မွမ်းမံပြီးစီး၍ ရေစက်ချအခမ်းအနား ပြုလုပ်နေသည့် မှတ်တမ်းဓာတ်ပုံများ သတင်း