တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များနှင့် အာဂုံပြန် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း DpPS_@aDm1nm_, January 16, 2018March 17, 2026 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ၁၃-၁-၂၀၁၈ ရက်နေ့၊ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ ကြွရောက်တော်မူကြသည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက် စာမ ဆရာတော်များနှင့် အာဂုံပြန်သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ အဆိုပါတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၇၉ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်(၂၆-၁၂-၂၀၁၇)မှ ၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်(၂၇-၁-၂၀၁၈)အထိ ကျင်းပပြုလုပ်လျက်ရှိပြီး အာဂုံပြန်ဖြေသံဃာ ၁၄၅ ပါးနှင့် သဘောရေးဖြေသံဃာ ၁၇၀ ပါးတို့ ဝင်ရောက်ဖြေတော်မူလျက်ရှိပါသည်။ တိပိဋကကောဝိဒဘွဲ့ရရှိရန် ပထမကြီးတန်း အောင်မြင်သော သံဃာသည် အာဂုံပြန်ဆိုခြင်း ၅ ဆင့်နှင့် သဘောရေးဖြေစာမေးပွဲ ၅ ဆင့် ဖြေဆိုရပါသည်။ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်ပေါင်းအုပ် ၂၀ ကို အာဂုံပြန် အောင်မြင်ပါက တိပိဋကဓရဘွဲ့ကို ရရှိပြီး ယင်းကျမ်းများ၏အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသောကျမ်း စာအုပ်ပေါင်း ၁၀၀ ကျော်မှ အဓိပ္ပါယ်များကို သဘောရေးဖြေ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ခံယူတော်မူသည်။ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ စတင်ကျင်းပသည့် ၁၃၁၀ ပြည့်နှစ်မှ (၆၉)ကြိမ်မြောက်အထိ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်သူမြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။ သတင်း