ရဟန်းသံဃာတော်များနှင့် သီလရှင်များ၏ မြန်မာနိုင်ငံကူးလက်မှတ်များ လျှောက်ထားထုတ်ယူခွင့်ရရှိရေးကိစ္စနှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်စေရန်ဖော်ပြခြင်း dpps, November 14, 2023June 5, 2024 ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် သာသနာပြုပုဂ္ဂိုလ်များ၏ နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်ရေးနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ညှိနှိုင်းအကြောင်းကြားလာသည့်အချက်များအနက် အောက်ဖော်ပြပါအချက်(၇)ချက်အား စိစစ်ဆောင်ရွက်ပေးခဲ့ပါသည်- (က) ရဟန်းသံဃာတော်များ၊ သီလရှင်များ၏ ဘွဲ့အမည်၊ (ခ) သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ၊ (ဂ) သာသနာဝင်ကတ်ပြားအမှတ်၊ (ဃ) သက်တော်/ ဝါတော်၊ (င) ခမည်းတော်၏အမည်၊ (စ) ရရှိထားသည့်ဘွဲ့(ပညာအရည်အချင်း)၊ (ဆ) သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်၏နေရပ်လိပ်စာ။ ယခုအခါ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ညွှန်ကြားချက်အရ မြန်မာနိုင်ငံကူးလက်မှတ်များ လျှောက်ထားထုတ်ယူခွင့်ရရှိရေးကိစ္စနှင့်ပတ်သက်၍ အထက်ပါအချက်(၇)ချက်အပြင် ရဟန်းသံဃာတော်များနှင့် သီလရှင်များ၏ မြန်မာနိုင်ငံကူးလက်မှတ်များကို အောက်ဖော်ပြပါအတိုင်း လျှောက်ထားထုတ်ယူခွင့်ရရှိရေး အများပြည်သူသိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်- ရဟန်းသံဃာတော်များ မြန်မာနိုင်ငံကူးလက်မှတ်များ လျှောက်ထားထုတ်ယူခွင့်ရရှိရေးကိစ္စ (က) ရဟန်းသံဃာတော်များနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညှိနှိုင်းထားသည့် အချက်(၇)ချက်သာမက ဆေးကုသမှုခံယူရန်အတွက် ကြွရောက်ရာတွင် သက်ဆိုင်ရာဆေးရုံး၏ ထောက်ခံချက်၊ ဆေးမှတ်တမ်း စသည့်အချက်အလက်များ ပါရှိရန် လိုအပ်ကြောင်း၊ (ခ) ပညာသင်ကြားရန်အတွက် ကြွရောက်ရာတွင် သက်ဆိုင်ရာတက္ကသိုလ်၏ ဝင်ခွင့်အထောက်အထားပါရှိရန် လိုအပ်ကြောင်း၊ (ဂ) ဘာသာရေးအခမ်းအနားများနှင့် အလှူပွဲများသို့ ကြွရောက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်း/ ပုဂ္ဂိုလ်တို့၏ ပင့်လျှောက်လွှာပါရှိရန် လိုအပ်ကြောင်း၊ (ဃ) ကြွရောက်လိုသည့် အကြောင်းအရာအလိုက် လိုအပ်သည့်အထောက်အထားများပါရှိပါက အရေးကြီး/ အရေးပေါ်ကိစ္စရပ်အဖြစ် Green Channel ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။ သတင်း