ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့သည့် သပိတ်မှောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း dpps, August 11, 2017August 3, 2023 ၂-၈-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားတွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့ကလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနောက်ဘက် ၂၅၀၀ ခန်းမရှေ့တွင် သံဃာ ၁၅ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၅၀ ဦးခန့်တို့ကလည်းကောင်း အစိုးရအား ဆန့်ကျင်သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာ များတွင် တွေ့ရှိရပါသည်။ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း(သို့မဟုတ်) သပိတ်မှောက်ခြင်းဆိုသည်မှာ ရဟန်းကောင်း၊ ရဟန်းမြတ်များအပေါ် အပြစ်လုပ်သူ ဒါယကာ၊ ဒါယိကာမများအား သပိတ်မှောက်သူများက သံဃာနှင့်ပတ်သက်ခွင့် ရှိသူ မဟုတ်တော့ကြောင်း၊ ၎င်းတို့လှူဒါန်းသည့် ဆွမ်း၊ ကွမ်းစသော အလှူဒါနတို့ကို ခံယူမှုမပြုတော့ကြောင်း သိစေအပ်ခြင်းကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သည် (သို့မဟုတ်) သပိတ်မှောက်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ လူဖြစ်စေ ရဟန်းဖြစ်စေ တစ်စုံတစ်ယောက်သောသူသည် အောက်ဖော်ပြပါအချက်များနှင့် ညီညွတ်မှသာ ပတ္တနိက္ကုဇ္ဇနကံ (သပိတ်မှောက်ခြင်း) ပြုလုပ်သင့်ကြောင်း အင်္ဂုတ္တရပါဠိတော်တွင် ဖော်ပြထားပါသည်- ၁။ ရဟန်းတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊ ၂။ ရဟန်းတို့အား အကျိုးမဲ့အောင် ပြုလုပ်ခြင်း၊ (အပြစ်မရှိဘဲ အပြစ်ရှိသည်ဟု စွပ်စွဲခြင်း၊ သီလမပျက်စီးဘဲ သီလပျက်စီးသည်ဟု စွပ်စွဲခြင်း) ၃။ ရဟန်းတို့အား နေရာမရအောင် ပြုလုပ်ခြင်း၊ ၄။ ရဟန်းတို့အား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း၊ ၅။ ရဟန်းသံဃာအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊ ၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊ ၇။ တရားတော်၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊ ၈။ သံဃာတော်တို့၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊ ဤ ၈ မျိုးသော အကြောင်းတရားတို့တွင် တစ်ခုခုဖြင့် ငြိစွန်းလျှင် ထိုသို့ပြုလုပ်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အား သံဃာတော်များသည် “ပတ္တနိက္ကုဇ္ဇနကမ္မဝါစာ”ကို ရွတ်ဖတ်၍ ကျောင်းအတွင်း၌သာ သပိတ်မှောက်ထိုက်၊ ဆန္ဒပြထိုက်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည်သာ သာသနာတော်ကို ကာကွယ်ခြင်း၊ တည်တံ့ပြန့်ပွားအောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ အထက်ဖော်ပြပါအကြောင်းတရား ၈ ပါးအနက် တစ်ပါးပါးဖြင့် ငြိစွန်းခြင်းမရှိပါက ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း မပြုလုပ်သင့်ပါ။ ယခု သပိတ်မှောက်ကံ ပြုလုပ်ခံနေရသော အစိုးရသည်လည်း ဘာသာသာသနာကို ထောက်ပံ့လှူဒါန်း စောင့်ရှောက် နေသောကြောင့် ဘုရားရှင်ဟောကြားထားသော “ပတ္တနိက္ကုဇ္ဇနကံ” ပြုရမည့် အကြောင်းတရား ၈ ချက်အနက် တစ်ပါးပါးကိုမျှ ပြုမူဆောင်ရွက်ခြင်းမရှိကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ တို့တွင် ပြုလုပ်နေသော သပိတ်မှောက်ပွဲ၌ ပါဝင်သည့် သံဃာများသည် သံဃာအများစု၏ဆန္ဒကို ကိုယ်စားမပြုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းများနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ သပိတ်မှောက်ခြင်းသည် ပြည်သူလူထု၏ဆန္ဒ မဟုတ်ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။ သတင်း