Skip to content
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
  • မူလစာမျက်နှာ
  • သတင်း
  • ကြေညာချက်များ
  • ဦးစီးဌာနဆိုင်ရာ အချက်အလက်များ
  • ဌာနခွဲများ
    • ပြည်ပသာသနာပြုဌာနခွဲ
    • ပြည်တွင်းသာသနာပြုဌာနခွဲ
    • ဦးစီးရေးရာဌာနခွဲ
    • နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)
  • သုတေသနစာကြည့်တိုက်
  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
  • ဓာတ်ပုံများ
  • ဆက်သွယ်ရန်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

သာသနာပြုရဟန်းတော်များ

dpps, January 7, 2022August 4, 2023

ကေကေ(မဟာဝိဇ္ဇာ)

============

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်နှစ်ခုသည် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကြောင့် ဘွဲ့နှင်းသဘင် မကျင်းပနိုင်ခဲ့ချေ။ ၂၀၂၁ ခုနှစ် ကိုဗစ်ကူးစက်နှုန်းကျသွားမှ အကြွေးပြန်ဆပ်ရသည်။ မနှစ်က မလုပ် ဖြစ်ခဲ့သော (၂၆)ကြိမ်မြောက် သာသနာ့တက္ကသီလမဟာဘွဲ့နှင်းသဘင်ကို ၂၈-၁၁-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၌လည်းကောင်း၊ ယခုနှစ် အတွက် (၂၇)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်ကို ၁၈-၁၂-၂၀၂၁ ရက်နေ့က နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)တွင်လည်းကောင်း အသီးသီးကျင်းပနိုင်ခဲ့ပြီဖြစ်သည်။

ဤဘွဲ့နှင်းသဘင်နှစ်ကြိမ်မှ သာသနတက္ကသီလ ဓမ္မပါရဂူ Ph.D(Buddhism) ဘွဲ့ရ (၂)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A(Buddhism) ဘွဲ့ရ (၃၅)ပါး၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddhism) ဘွဲ့ရ (၂၁၃)ပါး၊ ပေါင်း အပါး(၂၅၀)ပေါ်ထွက်ခဲ့သည်။ တက္ကသိုလ်နှစ်ခု စတင် ဖွင့်လှစ်သည်မှ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိဆိုပါမူ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ D.Litt ဘွဲ့ရ (၅)ပါး၊ သာသနတက္ကသီလဓမ္မပါရဂူဘွဲ့ရ(၁၄)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့ရ(၄၇၃)ပါး၊ သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရ(၂၅၂၃)ပါး၊ စုစုပေါင်း (၃၀၁၅)ပါးမျှပင်ရှိခဲ့လေပြီ။

တက္ကသိုလ်တက်နေဆဲ ရဟန်းတော်များသည် ဝိနယ၊ သုတ္တန္တ၊ အဘိဓမ္မ၊ ပိဋကတ်ဆိုင်ရာ ပါဠိ၊ ပိဋကတ်ဆိုင်ရာ မြန်မာ၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာ စသည့် ဘာသာရပ် (၇)မျိုးကို သင်ကြားကြရပြီး ဘွဲ့ယူစာတမ်းတင်သွင်းကြရသည်။ ပဋိပတ္တိကျင့်စဉ်ကိုလည်း လက်တွေ့ ကျင့်ကြံအားထုတ်ကြရသည်။ အခြေခံဘွဲ့ဖြစ်သော သာသနတက္ကသီလဓမ္မာစရိယသင်တန်း အောင်မြင် သော်လည်း ချက်ချင်းလက်ငင်းဘွဲ့မယူကြရပေ။ ရှေးဦးစွာ နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြု စခန်းများသို့ကြွမြန်း၍ သာသနာပြုတာဝန်ကို နှစ်,နှစ် ထမ်းဆောင်ကြရလေသည်။ ထို တာဝန်ပြီးဆုံးမှ ပြန်လည်ခေါ်ယူ၍ ဘွဲ့နှင်းအပ်ပေးခြင်းဖြစ်သည်။ ထိုရဟန်းတို့နေရာတွင် ဘွဲ့ကြိုအောင်မြင်သော ရဟန်း အသစ်တို့က သွားရောက်တာဝန်လဲလှယ်ကြသည်။ ဤသို့လျှင် နယ်စပ်နှင့် တောင်တန်းဒေသသာသနာပြု စခန်းတို့၌ ရဟန်းမပြတ်ရှိနေသည်။ ဘွဲ့ရရဟန်းတော်တို့၏ စာတွေ့ လက်တွေ့ သာသနာ့တာဝန် ထမ်းဆောင်ကြရပုံမှာ အလွန်ပင်ချီးကျူး ကြည်ညိုထိုက်လှပေသည်။

ဘွဲ့နှင်းသဘင်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးရှေ့မှောက်၌ ဘွဲ့ခံရဟန်းတော်များက သာသနာပြုကတိသစ္စာ သုံးချက်ပြုကြရပါသည်။

“ အရှင်ဘုရားတို့ ပြည်တွင်းပြည်ပတို့၌ သာသနာပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဆင်းရဲ ချမ်းသာမရွေး ကျေးလက်တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက် ကြရန် ကတိပြုနိုင်ပါမည်လား ဘုရား ” ဟု ပထမကတိသစ္စာကို အဓိပတိဆရာတော်ကြီးက မေးမြန်းရာ ဘွဲ့ခံရဟန်းတော်များက “ ကတိပြုပါ၏ ဘုရား ” ဟု သံပြိုင်ဖြေကြားသံမှာ သာသနာတော် တည်တံ့ ပြန့်ပွားရေးအတွက် တစ်အား တက်စရာပင် ဖြစ်လေတော့သည်။

သာသနာပြုရဟန်းတော်တို့၏ ဘဝမှာ ယေဘုယျအားဖြင့်ဆင်းရဲကြသည်။ အခက်အခဲအမျိုးမျိုး တွေ့ကြုံရသည်။ ခရီးလမ်းပန်း မသာချေ။ ရာသီဥတုကြမ်းသည်။ ဆွမ်းကွမ်းခက်ခဲသည်။ ရောဂါဘယနှင့် သားရဲအန္တရာယ်ထူပြောသည်။ တစ်ခါတစ်ရံ ဘာသာစကားမပေါက်။ ရဟန်းတော်တို့သည် ဒုက္ခ ဆင်းရဲကို သည်းခံတော်မူ၍ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားအောင် သာသနာပြုတော်မူကြသည်။ ရဟန်းတော်တို့၏ သာသနာပြုတာဝန်ကျေပွန်မှုကို တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာသော ဗုဒ္ဓအဆုံးအမကို ကူးပြောင်းခံယူလာသူ အရေအတွက်က အထင်အရှားသက်သေပြသည်။

နယ်စပ်နှင့်တောင်တန်းဒေသအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သာသနာပြုဌာန ပေါင်းမှာ ကချင်(၂၈)၊ ကယား(၄၆)၊ ကရင်(၁၆)၊ ချင်း(၁၅၉)၊ စစ်ကိုင်း(၉၉)၊ တနင်္သာရီ(၅)၊ နေပြည်တော် (၁)၊ မကွေး(၁၁)၊ မန္တလေး(၁)၊ မွန်(၃)၊ ရခိုင်(၉၀)၊ ရှမ်း-ရှေ့(၇၆)၊ ရှမ်း-တောင်(၃၁)၊ ရှမ်း-မြောက်(၄၄)၊ စုစုပေါင်း(၆၁၀)ဖြစ်သည်။ ဤသာသနာပြုဌာနများတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များမှ ဘွဲ့မယူမီစေလွှတ်ထားသော ရဟန်းတော်များအပြင်၊ ထေရဝါဒဗုဒ္ဓ သာသနာပြုသြဝါဒါစရိယအဖွဲ့ကစေလွှတ်ထားသော စေတနာ့ဝန်ထမ်း ဆန္ဒပြုရဟန်းတော်များနှင့် ဒေသခံရဟန်းတော်များလည်းပါဝင်ပေရာ ထိုရဟန်းတော်များ၏ သာသနာပြုသက်တမ်းမှာ ရှည်လျားကြ ပြီဖြစ်ပေသည်။ ယမန်နှစ်က စာရင်းအရ သာသနာပြုသက်တမ်းအလိုက် ဖော်ပြရလျှင် သာသနာပြု သက်တမ်း ၁၀ နှစ်အောက် ရဟန်းတော်များ ၂၄၈ ပါး၊ သာသနာပြုသက်တမ်း ၁၀ နှစ်နှင့် ၂၀ နှစ်ထိ ရဟန်းတော်များ ၁၂၁ ပါး၊ သာသနာပြုသက်တမ်း ၂၀ နှစ်နှင့် ၃၀ နှစ်ထိ ရဟန်းတော်များ ၈၀ ပါး၊ သာသနာပြုသက်တမ်း ၃၀ နှစ်အထက်ရဟန်းတော်များ ၁၂ ပါး၊ စုစုပေါင်း ၄၆၁ ပါးရှိပေသည်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ကိုးတိုင်းကိုးဌာနသို့ သာသနာပြုရန် ကြွမြန်းကြ ကုန်သော ရဟန်းတော်များကဲ့သို့ ယနေ့ ပစ္စက္ခကာလတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် များမှ ဘွဲ့ခံရဟန်းတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့က စေလွှတ်သောရဟန်းတော် များနှင့်၊ မိမိဆန္ဒအလျောက် သာသနာပြုတာဝန်ကိုထမ်းဆောင်ကြသော ရဟန်းတော်များသည် နိုင်ငံတော်၏ နယ်စပ်နှင့်တောင်တန်းဒေသများတွင် သာသနာပြုလျက်ရှိကြပေသည်။ အထက်တွင်ရေးသားခဲ့သော အခက်အခဲအမျိုးမျိုးကိုသာမက အသက်အန္တရာယ်ကိုပင် ယနေ့ရင်ဆိုင်နေကြရ ပေသည်။

သာသနာတော်အတွက် မတွန့်မဆုတ်တာဝန်ထမ်းဆောင်နေကြကုန်သော သာသနာပြု ရဟန်းတော်များအတွက် ပစ္စည်းလေးပါးလှူဒါန်းလိုသူ၊ ပဒေသာပင်စိုက်ထူလှူဒါန်းလိုသူ သာသနာ့ ဒါယကာ၊ ဒါယိကာမများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနနှင့် ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်။

သတင်း

Post navigation

Previous post
Next post

News by Years

  • July 2025
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • March 2023
  • February 2023
  • June 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • September 2021
  • August 2021
  • July 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • January 2018
  • November 2017
  • August 2017
000753
Visit Today : 49
This Year : 753
Total Visit :