Skip to content
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
  • မူလစာမျက်နှာ
  • သတင်း
  • ကြေညာချက်များ
  • ဦးစီးဌာနဆိုင်ရာ အချက်အလက်များ
  • ဌာနခွဲများ
    • ပြည်ပသာသနာပြုဌာနခွဲ
    • ပြည်တွင်းသာသနာပြုဌာနခွဲ
    • ဦးစီးရေးရာဌာနခွဲ
    • နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)
  • သုတေသနစာကြည့်တိုက်
  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
  • ဓာတ်ပုံများ
  • ဆက်သွယ်ရန်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

သုံးနားစုပေါင်း-ဘကကျောင်း

dpps, January 7, 2022August 4, 2023
ကေကေ (မဟာဝိဇ္ဇာ)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၊  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၊  အနုပညာအထက်တန်း ကျောင်းများ၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်းနှင့်  အခြေခံပညာကျောင်းများ ရှိသည်။ အခြေခံပညာကျောင်းများဖြစ်သော မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း၊ အထက် တန်းကျောင်းများသည် ဘကကျောင်း ခေါ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖြစ်ကြသည်။

သမိုင်းအကျဉ်း

ပထမမြန်မာနိုင်ငံတော်ဖြစ်သော ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှစ၍  ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများတွင် ပညာသင်ကြားရေး ကို  ရဟန်းတော်များက  စတင်ဆောင်ရွက်ခဲ့သည်။ ပင်းယခေတ်၊  အင်းဝခေတ်၊   ဟံသာဝတီခေတ်၊ ညောင်ရမ်းခေတ်၊  ကုန်းဘောင်ခေတ်တို့တွင်လည်း ဘုန်းတော်ကြီးသင်ပညာရေး  ဆက်လက်ထွန်းကား ခဲ့ပါသည်။

ကိုလိုနီခေတ်တွင် ဘုန်းတော်ကြီးကျောင်း ပညာရေးမှာ   ဖိနှိပ်ခံခဲ့ရပြီး   လွတ်လပ်ရေးရပြီး နောက် ၁၉၅၂ ခုနှစ်တွင် လူထုပညာရေးကောင်စီက ဘုန်းတော်ကြီးသင်ပညာရေးစီမံကိန်းကို   မြန်မာ ပြည်အနှံ့  ဘုန်းတော်ကြီးသင်ကျောင်းစာရင်း ကောက်ယူမှတ်ပုံတင်၍ ပြန်လည်အကောင် အထည်ဖော်ခဲ့၏။
၁၉၆၂ ခုနှစ်    တော်လှန်းရေးကောင်စီ လက်ထက်တွင် အခြေခံပညာဦးစီးဌာန လက်အောက်၌   ဘုန်းတော်ကြီးသင်ကျောင်းဌာန စိတ်ကိုဖွဲ့စည်းခဲ့သည်။  ၁၉၇၄ ခုနှစ် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင်  အစိုးရ ကျောင်းတချို့သာထားပြီး   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအပါအဝင် အခြားကျောင်း အားလုံးကို ဖျက်သိမ်းခဲ့လေသည်။

၁၉၈၉ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် သာသနာ ရေးဦးစီးဌာန  တောင်တန်းသာသနာပြုဌာနခွဲ  လက်အောက်၌  ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဌာနစု ဖွဲ့စည်းပြီးပြန်လည်အားပေးဆောင်ရွက်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင်  သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနကို ဖွဲ့စည်းသည့်အခါ ပြည်တွင်း သာသနာပြု ဌာနခွဲအောက်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဌာနစုကို  ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပြီး  ယနေ့အထိ ဆက်လက်ဆောင်ရွက်နေပါသည်။

ရည်ရွယ်ချက်

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို   (၁)  ဆင်းရဲချမ်းသာမရွေးလူတိုင်း  အရေး၊ အဖတ်၊ အတွက်  အခြေခံပညာနှင့်   ခေတ်ပညာ တတ်မြောက်စေရန်၊   (၂)   ပညာသင်ကြားရေး၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်၊ (၃) ကိုယ်ကျင့် တရားကောင်းမွန်ပြီး  အများအကျိုး၊   နိုင်ငံ့အကျိုး သယ်ပိုးလိုသည့်  သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်၊ (၄) မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို  သိရှိနားလည်၍  မြတ်နိုးစွာလိုက်နာခံယူ တတ်ကြစေရန်၊ (၅)   ဗုဒ္ဓဘာသာ၊    သာသနာတော် ဆိုင်ရာအဆုံးအမများကို   ကြားနာမှတ်သားသိရှိ လိုက်နာပြီး အနာဂတ်သာသနာတော်ကို တာဝန်ယူ စောင့်ရှောက်ကြမည့်  ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြစေရန်၊  (၆) အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။

စည်းမျဉ်းနှင့် ကြီးကြပ်ရေး

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၉၅ ခုနှစ် ဇူလိုင်လတွင်ကျင်းပသည့်   စတုတ္ထအကြိမ်  နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ ဒုတိယအစည်းအဝေးက “ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုစည်းမျဉ်း များ” ကို အတည်ပြုပြဋ္ဌာန်းပေးခဲ့သည်။ အလားတူ သီလရှင်သင် (အမျိုးသမီး) ပညာရေးကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ၁၉၉၇ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပသည့် စတုတ္ထအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့   (၄၇)ပါးစုံညီ နဝမအစည်းအဝေးက  ဘုန်းတော်ကြီးကျောင်းပညာ သင်ကြားမှုစည်းမျဉ်းကို ပြင်ဆင်ဖြည့်စွက်အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်။

ထို့ပြင် ၁၉၉၄ ခုနှစ် ဩဂုတ်လတွင် ကျင်းပသည့် တတိယအကြိမ်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စုဒ္ဒသမအစည်းအဝေးက ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့များနှင့်   မြို့နယ်ဘုန်းတော်ကြီးကျောင်း  ပညာသင်ကြားမှုကြီးကြပ် ရေးအဖွဲ့များကို ဖွဲ့စည်းခွင့်ပြုခဲ့သည်။

ဗဟိုကြီးကြပ်ရေးအဖွဲ့တွင် မဟန ဒုတိယဥက္ကဋ္ဌ ဆရာတော်တစ်ပါးက  ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  အဖွဲ့ဝင်အဖြစ်ပါဝင်ကာ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  အတွင်းရေးမှူးဖြစ်၏။ ဆက်စပ်ဝန်ကြီးဌာနများမှ     ညွှန်ချုပ်များပါဝင်ပြီး စုစုပေါင်း ၁၄ ပါး / ဦးဖြင့်  ဖွဲ့စည်းထားသည်။ တိုင်း ဒေသကြီး/ ပြည်နယ်ဘုန်းတော်ကြီး‌ကျောင်း ကြီးကြပ် ရေးအဖွဲ့နှင့် မြို့နယ်ဘုန်းတော်ကြီးကျောင်း ကြီးကြပ် ရေးအဖွဲ့များတွင်လည်း  ဆရာတော်များ၊  သီလရှင် များ၊   သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်  ပညာရေးဝန်ကြီးဌာနတို့မှ  အရာထမ်းများ ပါဝင်ကြ သည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ပညာသင်ကြားရေး၌  မြန်မာနိုင်ငံပညာရေးကော်မတီ ၏မူဝါဒများကို လိုက်နာရပြီး ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော အခြေခံသင်ရိုးညွှန်းတမ်းများ အတိုင်း  သင်ကြားပို့ချရပေသည်။ ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အခြေခံပညာရေးဥပဒေ အခန်း(၁)၊ ပုဒ်မ(၂)၊ ပုဒ်မခွဲ (ဏ)  တွင် “ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းဆိုသည်မှာ   ဘုန်းတော်ကြီးသင်ပညာရေး ကြီးကြပ်မှုဗဟိုအဖွဲ့၏   သဘောတူညီချက်အရ ဝန်ကြီးဌာနက သတ်မှတ်ထားသည့်အခြေခံပညာရေး အဆင့်တိုင်းအတွက် သတ်မှတ်ထားသော သင်ရိုး ညွှန်းတမ်းများနှင့်အညီ သင်ကြားပေးရန် ဘုန်းတော် ကြီးများ  သို့မဟုတ် သီလရှင်များက တည်ထောင်ဖွင့် လှစ်ထားသည့် ကျောင်းကိုဆိုသည်”  ဟု အဓိပ္ပာယ် ဖွင့်ထားသည်။ ကျောင်းကြီးကြပ်ရေးနှင့်ပတ်သက်၍ ယင်းဥပဒေ အခန်း(၈) ပုဒ်မ (၃၆)တွင် “အခြေခံပညာ ရေးကို အကောင်အထည်ဖော်သင်ကြားပေးလျက်ရှိ သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ  ကြီးကြပ်ခြင်းကို သက်ဆိုင်ရာဥပဒေအရ ဖွဲ့စည်းသည့် ကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ရမည်” ဟု ဆိုသဖြင့်    သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်

စာရင်းဇယား တည်ငြိမ်ပြီးဖြစ်သော ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ရှိခဲ့သည့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၊  ဆရာ    ဆရာမများ၊ ကျောင်းသား   ကျောင်းသူများအရေအတွက်ကို ဖော်ပြလိုပါသည်။ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ မူလတန်းကျောင်း ၇၉၇ ကျောင်း၊ မူလတန်းလွန် ၅၈၉  ကျောင်း၊   အလယ်တန်းကျောင်း    ၁၀၁ ကျောင်း၊   အထက်တန်းကျောင်း  ၂၆  ကျောင်း စုစုပေါင်း  ၁၄၈၉   ကျောင်းရှိခဲ့ပါသည်။    ဆရာ ဆရာမအနေဖြင့်    မူလတန်းကျောင်းများတွင် ၅၂၇၃ ဦး၊   မူလွန်ကျောင်းများတွင် ၁၆၉၁ ဦး၊ အလယ်တန်းကျောင်းများတွင် ၆၇၉ ဦး၊ အထက် တန်းကျောင်းများတွင် ၁၂၀ စုစုပေါင်း ၇၇၆၃ ဦး   တာဝန်ထမ်းဆောင်ခဲ့ကြသည်။ မူလတန်းကျောင်း များတွင် ကျောင်းသား ကျောင်းသူ ၂၀၇၁၃၇ ဦး၊ မူလွန်   ၆၇၁၅၆ ဦး၊   အလယ်တန်း ၂၇၃၈၁ ဦး၊  အထက်တန်း ၄၇၇၁ ဦး   စုစုပေါင်း ၃၀၆၄၄၅ ဦး သင်ကြားခဲ့ကြသည်။ ယခု ၂၀၂၁-၂၀၂၂    ပညာသင်နှစ်အစပိုင်းတွင်  အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းအချို့ဖွင့်လှစ်နိုင်ခြင်း   မရှိသေးကြောင်း တွေ့ရှိရသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး   အထောက်အကူဖြစ်စေရန် စေတနာ့ဝန်ထမ်း ဆရာ ဆရာမများကို နိုင်ငံတော် က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ လစဉ်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်တွင် ငွေကျပ်    ၃၆၉၂  ဒသမ  ၅၂၀  သန်း ထောက်ပံ့ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း     ဆရာ  ဆရာမများ၏ ထောက်ပံ့ကြေးကို    စီမံခန့်ခွဲရေးကော်မတီ၏ ၂၇-၅-၂၀၂၁ ရက်စွဲပါ စာအမှတ် ၉/၁၆၈/နစက (၇/၂၀၂၁) အရ  ၅၀ ရာခိုင်နှုန်း   တိုးမြှင့်ပေးခဲ့သဖြင့်     ၂၀၂၁-၂၀၂၂  ပညာရေးနှစ်မှစတင်၍  ခံစားနိုင်ကြပြီဖြစ်သည်။ ဘဏ်များတွင် ထုတ်ယူရလွယ်ကူအောင်   ဘုန်းတော်ကြီးသင်ပညာရေးကျောင်း     ဆရာ ဆရာမများအတွက် ထောက်ပံ့ကြေးသည် လစာငွေ သဘောသက်ရောက်သော    ထောက်ပံ့ငွေဖြစ် ကြောင်း ဗဟိုဘဏ်သို့ ညှိနှိုင်းအကြောင်းကြားထား ပြီး ဖြစ်ပါသည်။ ထို့ပြင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ဆရာ ဆရာမများသည် အစိုးရခန့် ဆရာ ဆရာမများ မဟုတ်သော်လည်း ပညာရေးဝန်ကြီး ဌာနကပြုလုပ်သောသင်တန်းများတွင် တက်ရောက် ခွင့်ရရှိကြပါသေးသည်။

၂၀၂၁-၂၀၂၂ အတွက် ဘုန်းတော်ကြီးကျောင်း   ပညာသင်ကြားမှုကြီးကြပ်ရေးဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက် နေ့တွင် ပြုလုပ်ရန်လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားသည့်အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက Focal အဖြစ် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် နိုင်ငံတော်သံဃ မဟာနာယက (၄၇) ပါး  စုံညီအစည်းအဝေး၊ အာဇာနည်နေ့အခမ်း အနား၊ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲတို့ ရှိနေသော ကြောင့် ဝါကျွတ်ပြီးမှ ဆောင်ရွက်ရန်  ရွှေ့ဆိုင်းခဲ့ရပေ သည်။ အစည်းအဝေးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်လက် ရပ်တည်နိုင်ရေး၊ ဆရာ ဆရာမများအတွက် လိုအပ်ချက်များကို ဆွေးနွေးနိုင်မည်ဖြစ်ပေသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် အခြေခံပညာကျောင်းများနှင့် ကွာခြားသည်မှာ အချို့ ကျောင်းများတွင် ကျောင်းအိပ်ကျောင်းစားအနေဖြင့် ကျွေးမွေးထောက်ပံ့ထားခြင်း၊  ပြည်သူ့နီတိဘာသာ ရပ်အပြင်   ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာများ၊ ၃၈ ဖြာမင်္ဂလာတရားတော်များကို စာသင်ချိန်တစ်ချိန် အဖြစ် သင်ကြားပေးခြင်း၊ နွေရာသီကျောင်းပိတ်ရက် တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခြင်း၊ အစိုးရထောက်ပံ့ငွေ၊ ဘုန်းတော် ကြီးများ၏ ထောက်ပံ့ငွေ၊ အလှူရှင်များ၏  ထောက်ပံ့ ငွေဖြင့်  ရပ်တည်ခြင်း၊ ကျောင်းဝတ်စုံ၊ သာမဏေ/သီလရှင်ဝတ်များဖြင့် ကျောင်းတက်နိုင်ခြင်း၊ မိဘများ အလုပ်သွားလျှင် အရွယ်မရောက်သေးသော ကလေး ငယ်များအား ခေါ်ဆောင်ခွင့်ပြုထားခြင်း၊ အသက်မွေး မှုသင်တန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊  ဇာထိုး ပန်းထိုးသင်တန်း၊ လက်သမားသင်တန်း၊  အုတ်ရိုက် သင်တန်း၊ ပန်းရံသင်တန်းများကို အချို့ကျောင်းများ ၌ သင်ကြားပေးခြင်း  စသည်တို့ဖြစ်သည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ သည် အခြေခံနှင့် အလယ်အလတ်လူတန်းစားများ၊ အစိုးရအခြေခံပညာကျောင်းနှင့်  အလှမ်းဝေးသော  ရပ်ရွာများမှ စာသင်အရွယ်ကလေးသူငယ်များ အတွက် အမှန်တကယ်လိုအပ်သည်။ အခြေခံပညာ တတ်မြောက်ရုံသာမက ဘာသာတရားရိုသေ ကိုင်းရှိုင်းမှုကိုလည်းရရှိစေနိုင်သည်။    ဘာသာတရားသည် ယဉ်ကျေးမှုကို ပျိုးပေးသည်။ ထို့ကြောင့် ဘကကျောင်း၏ အနားသုံးဖက်ဟုဆိုအပ်သော  ကျောင်းတည်ထောင်သည့်   ဆရာဘုန်းတော်ကြီး များ၊   လှူဒါန်းထောက်ပံ့ကြသည့်  ဒကာအလှူရှင် များနှင့် အစိုးရသည် အခိုင်အခံ့တည်အောင်   တွဲလက်ညီညီ ဆောင်ရွက်နိုင်ကြပါစေကြောင်း   ဆန္ဒပြုလိုက်ရပါသည်။     ။

သတင်း

Post navigation

Previous post
Next post

News by Years

  • July 2025
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • March 2023
  • February 2023
  • June 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • September 2021
  • August 2021
  • July 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • January 2018
  • November 2017
  • August 2017
000753
Visit Today : 49
This Year : 753
Total Visit :