ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်း

 

၁။ မြန်မာနိုင်ငံအတွင်းရှိတောင်ပေါ်မြေပြန့်အရပ်ဒေသများ၌အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန်အခက်အခဲရှိကြသောတိုင်းရင်းသားရင်သွေးငယ်များအနေဖြင့် အခြေခံပညာ တတ်‌မြောက်ကြရန်နှင့် ယဉ်ကျေးသိမ်မွေ့သည့် လူကောင်းလူတော်လေးများ ဖြစ်လာကြရန် ရည်မှန်းလျက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သြဝါဒလမ်းညွှန်ချက်နှင့် မြန်မာနိုင်ငံပညာရေးကော်မတီ၏ မူဝါဒနှင့်အညီ သာသနာရေးဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပေါင်းစပ်လျက်၁၉၉၃ခုနှစ်မှစ၍ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ရန်ကိစ္စ အကြောင်းအရာပါ အမှာစာ တစ်ရပ်ကို ပညာရေးဝန်ကြီးဌာနမှ(၁၃-၈-၁၉၉၈) ရက်စွဲပါစာအမှတ် ၃၂- ပညာ-၂(၁)၉၈ဖြင့် အခြေခံ ပညာဦးစီးဌာနများသို့ပေးပို့ပြီး ပြည်နယ်/တိုင်းနှင့်မြို့နယ်ပညာရေးမှူးထံ ဆက်လက်အကြောင်းကြားရန် ညွှန်ကြားထားပါသည်။
၃။ အဆိုပါအမှာစာ၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် လက်ရှိကျင့်သုံး လျက်ရှိသည့် ပညာရေးစနစ်နှင့်အညီ လိုက်လျောညီထွေရှိစေရန်အတွက် မြို့နယ်ပညာရေးမှူးနှင့် လက်ထောက်မြို့နယ် ပညာရေးမှူးများက အောက်ပါအတိုင်း ကူညီဆောင်ရွက်ပေးရန်ဖြစ်သည် –
(က) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မူလတန်းအဆင့်သင်)ကို လက်ထောက်မြို့နယ် ပညာရေးမှူးက ပညာရည်စစ်ဆေးတိုင်းတာမှုစနစ်အတိုင်း ကျင့်သုံးဆောင်ရွက်နိုင်ရေး အတွက် တာဝန်ယူဆောင်ရွက်ပေးရန်၊
(ခ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (အလယ်တန်းအဆင့်သင်)ကို မြို့နယ်ပညာရေးမှူး က ပညာရည်စစ်ဆေးတိုင်းတာမှုစနစ်အတိုင်း ကျင့်သုံးဆောင်ရွက် နိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ရန်နှင့် သတ္တမတန်းနှင့်အဋ္ဌမတန်းကျောင်းသား/သူများ၏ ဒုတိယနှစ် ဝက်စာမေးပွဲများကို အ‌ခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/သူများ နည်းတူ အခြေခံပညာကျောင်းများ တွင်ဖြေဆိုခွင့်ပေးရန်၊
(ဂ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ မူလတန်း၊ အလယ်တန်းပြီးဆုံးသည့်ကျောင်းသား/သူများအား အခြေခံပညာကျောင်းများသို့ လာရောက်အပ်နှံသည့်အခါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းပြောင်းလက်မှတ်အရ လက်ခံ သင်ကြားရန်။
၄။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် စနစ်သစ်ပညာသင်ကြားရေးနှင့် လိုက်လျော ညီထွေဖြစ်စေရန်အတွက်လည်းကောင်း ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေး လုပ်ငန်းအရှည်သဖြင့် စနစ်တကျတည်တံ့နိုင်ရန်အတွက်လည်းကောင်း (၃၁-၇-၁၉၉၈)ရက်နေ့တွင် ကျင်းပခဲ့သော ဘုန်းတော်ကြီး ကျောင်းပညာသင်‌ကြားမှုကြီးကြပ်ရေးအဖွဲ့ (အထူးအစည်းအဝေး) ဆုံးဖြတ်ချက် -၂၊ အပိုဒ် (၁) မှ ပညာရေးစနစ်သစ်ဖြင့်ဆောင်ရွက်နေခြင်းကြောင့် လက်ရှိဖွင့်လှစ်သင်ကြားဆဲဖြစ်သော အလယ်တန်း အဆင့်ကျောင်းကိုလက်ရှိအတိုင်းထားရှိရန်နှင့်အသစ်တိုးချဲ့ဖွင့်လှစ်ခြင်းမပြုရန်ဟု ဆုံးဖြတ်ခဲ့ပါသည်။
၅။ အဆိုပါ ဘ/က ကြီးကြပ်ရေးအဖွဲ့အထူးအစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်-၂၊ အပိုဒ်ခွဲ(ခ)ကို အကောင်အထည်ဖော်ဆောင်ရွက်သောအားဖြင့် ၁၉၉၈-၁၉၉၉ခုပညာသင်နှစ်မတိုင်မှီ အလယ်တန်း အဆင့် သင်ခွင့်ပြုကြောင်း ဤဦးစီးဌာနမှ (၁၅-၁၁-၉၈) ရက်စွဲပါစာအမှတ်၊ ၂၀၀/ ၁၇-ဘက (ညွှန်)/ သထပ – ၄၃/၉၈ ဖြင့်ထုတ်ပြန်ခဲ့ပါသည်။
၆။ ၁၀-၇-၂၀၀၀ရက်နေ့၌ကျင်းပပြုလုပ်ခဲ့သော ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ သတ္တမအကြိမ်အစည်း အဝေးဆုံး ဖြတ် ချက်အပိုဒ်-၂၊ အပိုဒ်ခွဲ(ခ)၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအားလုံး ”ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုင်းဘုတ်များ တစ်ပြေးညီရေးသား ပြုလုပ်ရန်“နှင့် အပိုဒ်(စ)၌ အလယ်တန်းအဆင့်သင်ကြားနေသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များသည် ”ဘုန်းတော်ကြီးသင်ပညာအလယ်တန်းကျောင်း” ဟု ဆိုင်းဘုတ်ရေးသားခြင်း၊ သုံးနှုန်းခြင်း မပြုဘဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟုသာသုံးနှုန်းကြရန်ဟု ဆုံးဖြတ်ခဲ့ပါသည်။
၇။ အဆိုပါ ဆုံးဖြတ်ချက်ကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ လိုက်နာကျင့်သုံးနိုင်ရန် အ တွက် ဤဦးစီးဌာနမှ(၇-၁၀-၂၀၀၀) ရက်စွဲပါ စာအမှတ်၊ ၂၀၀/ ၁၇ – ဘက(ညွှန်) သထပ၇/ ၂၀၀၀ ဖြင့် အကြောင်းကြားထားပါသည်။