သုတေသနစာကြည့်တိုက်

နောက်ခံသမိုင်းအကျဉ်း

  • ၁၁-၅-၁၉၆၁ ခုနှစ်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဌာနခွဲအောက်၌ သုတေသနစာကြည့်တိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။
  • ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဌာနခွဲကို သာသနာရေးဦးစီးဌာန၏ ဌာနခွဲ တစ်ခုအဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ရာ သာသနာရေးဦးစီးဌာန၏ သုတေသနစာကြည့်တိုက်အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။
  • ၁၉၉၁ ခုနှစ်တွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲ၊ စာကြည့်တိုက်နှင့်ပေစာဌာနစု၊ သုတေသနစာကြည့်တိုက်အဖြစ် ဆက်လက်ဖွင့်လှစ်ထားပါသည်။

စာကြည့်တိုက်အမျိုးအစား

  • သုတေသနစာကြည့်တိုက်သည် ဘာသာရေးဆိုင်ရာ သုတေသီများ၊ သမိုင်းသုတေသီများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့မှ ဗုဒ္ဓစာပေကိုလေ့လာနေသော စာသင်စာချရဟန်းတော်များ၊ နိုင်ငံခြားသားရဟန်း/ သီလရှင်/ လူပုဂ္ဂိုလ်များ၊ အခြားတက္ကသိုလ်များမှ အရှေ့တိုင်းပညာဘာသာရပ်၊ မြန်မာစာ၊ သမိုင်းစသောဘာသာရပ်များကို အထူးလေ့လာသုတေသနပြုလိုကြသည့် ဘွဲ့လွန်ကျောင်းသား/ ကျောင်းသူ၊ ဆရာ၊ ဆရာမ များ၊ ကထိက၊ ပါမောက္ခများလာရောက် သုတေသနပြုနိုင်ကြစေရန်နှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ သမိုင်းပြုစုခြင်း၊ ကျမ်းပြုစုခြင်း၊ ဘာသာပြန်ခြင်း၊ စာစောင်ထုတ်ဝေခြင်းတို့တွင် အထောက်အထားရှာဖွေနိုင်စေရန်တို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ အခြားကိုးကွယ်မှုများ၊ ရှေးကျသော အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာစာ၊ သမိုင်းဆိုင်ရာစသည့် ရည်ညွှန်းစာအုပ်များကို ဘာသာရပ်အလိုက် စုဆောင်းထားရှိသည့် (သုတေသန)အထူးစာကြည့်တိုက်အမျိုးအစားဖြစ်ပါသည်။

စာကြည့်တိုက်အသုံးပြုခြင်းဆိုင်ရာ နည်းလမ်းများ

  • သုတေသနစာကြည့်တိုက်သည် ဘာသာရေးဆိုင်ရာသုတေသီများ၊ သမိုင်းသုတေသီများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်တို့မှ ဗုဒ္ဓစာပေကိုလေ့လာနေသော စာသင်စာချရဟန်းတော်များ၊ နိုင်ငံခြားသားရဟန်း/ သီလရှင်/ လူပုဂ္ဂိုလ်များ၊ အခြားတက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ၊ ကထိကများနှင့် ပါမောက္ခများကိုလည်းကောင်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ သမိုင်းပြုစုခြင်း၊ ကျမ်းပြုစုခြင်း၊ ဘာသာပြန်ခြင်း၊ စာစောင်ထုတ်ဝေခြင်း တို့တွင် အထောက်အထားရှာဖွေရေးတို့အတွက်လည်းကောင်း စာအုပ်စာတမ်းများကို ငှားရမ်းခွင့်ပြုထားပြီး စာကြည့်တိုက်အသုံးပြုခွင့်လျှောက်ထားရမည်ဖြစ်ပါသည်။
  • စင်ပိတ်စနစ်ကိုအသုံးပြုထားသည့် အထူးစာကြည့်တိုက်ဖြစ်သဖြင့် ပြင်ပပုဂ္ဂိုလ်များ စာကြည့်တိုက်အသုံးပြုလိုပါက နေ့စဉ်လာရောက်သူများစာရင်းတွင် စာရင်းသွင်း၍ စာကြည့်တိုက်အတွင်းရှိစာဖတ်ခုံများတွင် နံနက် ၁၀:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီ အထိ ဖတ်ရှုနိုင်မည်ဖြစ်ပြီး ပြင်ပသို့စာအုပ်စာတမ်းများကို ငှားရမ်းခွင့်မပြုပါ။

ရှေးဟောင်းစာပေ ပစ္စည်းများ(လက်ရေးမူများ)

  • သုတေသနစာကြည့်တိုက်တွင် စာအုပ်စာတမ်းများအပြင် ရှေးဟောင်းစာပေ ပစ္စည်းများဖြစ်သည့် ပေ၊ ပုရပိုက်၊ ကမ္မဝါစာ၊ မင်ကူးကျောက်စာနှင့် စာချွန်တော် စသည့် လက်ရေးစာများကိုလည်း ထိန်းသိမ်းထားရှိပါသည်။
  • မြန်မာနိုင်ငံ၊ ရှေးဟောင်းစာပေပစ္စည်း(လက်ရေးမူများ)သမိုင်းနှင့် ပတ်သက်၍ “ အပါယဂတိမုပါယံ ” အစချီသော ဓမ္မသတ်ကျမ်းအရလည်းကောင်း၊ သရေခေတ္တရာ မြို့ဟောင်းမှတူးဖော်တွေ့ရှိသည့် မောင်ကန် ရွှေပေ ၂ ချပ်နှင့် ခင်ဘ ရွှေပေ ၂၀ ချပ် တို့အရလည်းကောင်း သာသနာတော်နှစ် ၁၀၁ ခု၊ သရေခေတ္တရာပြည်၊ ဒွတ္တဘောင် မင်းကြီးလက်ထက်မှစ၍ စာပေအရေးအသားတတ်မြောက်ဖြစ်ထွန်းနေပြီဖြစ်ကြောင်း ယူဆရပါသည်။
  • ပေစာဟူသော ဝေါဟာရမှာ “ပေ” နှင့် “ စာ ” စကားလုံးနှစ်လုံးပေါင်းစပ်ထားသော မြန်မာသမာသ်ပုဒ်ဖြစ်သည်။ “ ပေ ” ဟူသည် ပေပင်မှရသော ပေရွက်ကိုရည်ညွှန်း၍ “ စာ ” ဟူသည် အက္ခရာစာလုံးများကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
  • ပေရွက်ပေါ်တွင် အက္ခရာစာလုံးများရေးသားရာမှ “ ပေစာ ” ဟူ၍ဖြစ်လာပြီး ထိုမှ တစ်ဆင့် မြန်မာမှုနယ်ပယ်၌ “ စာပေ ” (Literature)ဟူသော ဝေါဟာရဖြစ်ပေါ် လာခြင်းဖြစ်ပါသည်။
  • သုတေသနစာကြည့်တိုက်တွင် ပိဋကတ်သုံးပုံ ပေစာထုပ်များကို ထိုင်းနိုင်ငံ၊ ဓမ္မကာယဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ခုနှစ်ထိ Digitization ပြုလုပ်ခဲ့ပြီး ပေထုပ် ၃၀၀၀ထုပ် (၆၆၉၆ ကျမ်း)ကို ဒီဂျစ်တယ်ဓာတ်ပုံမူအဖြစ် ထိန်းသိမ်းထားရှိပါသည်။
  • သုတေသနစာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းစာပေပစ္စည်း(လက်ရေးစာများ) မှာ ပေစာအမျိုးမျိုး ၁၁၈၂၀ ထုပ်၊ ပုရပိုက်အမျိုးမျိုး ၁၂၄၄ ဆူ၊ ကမ္မဝါစာအမျိုးမျိုး ၁၁၁ ခု၊ မင်ကူးကျောက်စာ ၁၆၈ ခုနှင့် စာချွန်တော် ၁၉ ခုတို့ဖြစ်ပါသည်။

e-library လုပ်ငန်းဆောင်ရွက်ခြင်း

  • မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဗုဒ္ဓအဆုံးအမဒေသနာတော်တို့ကို မှတ်တမ်းအဖြစ်အရှည်ခန့် တည်တံ့စေရန်နှင့် ကမ္ဘာအနှံ့ ဗုဒ္ဓစာပေ ပြန့်ပွားစေရန်အတွက် e-library လုပ်ငန်း​ကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။
  • ဘုရားရှင်၏ မူရင်းဒေသနာ ပါဠိတော်များကို ပဉ္စမသင်္ဂါယနာ၊ ဆဋ္ဌသင်္ဂါယနာ တင်၍ အနက်အားဖြင့်ဖြစ်​စေ၊ သဒ္ဒါအားဖြင့်ဖြစ်စေ အပိုအလိုမရှိ နှစ်ကြိမ်တိုင်တိုင် စိစစ်တည်းဖြတ်ခဲ့ပြီးဖြစ်သည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ နိဿယ၊ ပိဋကတ်သုံးပုံမြန်မာပြန်၊ ပိဋကတ်သုံးပုံအင်္ဂလိပ် ဘာသာပြန်၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်စာအုပ်များ၊ ပုဂံခေတ်မှစ၍ ယနေ့ကာလတိုင်အောင် ဂန္ထဓုရ ပရိယတ္တိဝန်ဆောင် ဆရာတော်များ၊ ပရိယတ္တိဂုဏ်ဆောင် သာသနာပြု ဥပါသကာကြီးများ၏ မဟာဗုဒ္ဓဝင်ကျမ်းများ၊ သာသနာဝင်ကျမ်းများ၊ ဓမ္မပဒဝတ္ထုတော်များ၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်များ၊ ဆဋ္ဌသင်္ဂါယနာ အမေးအဖြေ စာအုပ်များနှင့် ဗုဒ္ဓစာပေမျိုးစုံအနက်မှ ၈၆၈၃ အုပ်ကို e-book မူအဖြစ် ထိန်းသိမ်းထားရှိပါသည်။
  • ကမ္ဘာတစ်ဝန်းရှိ မည်သည့်ပုဂ္ဂိုလ်မဆို အချိန်ကာလ နေရာဒေသမရွေး အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ ဗုဒ္ဓစာပေ ကမ္ဘာအနှံ့ထွန်းကားပြန့်ပွားစေရန် အတွက်လည်းကောင်း  စာကြည့်တိုက် Website  www.kbrl.gov.mm  ကို  လွှင့်တင်ပေးထားပြီး  ဗုဒ္ဓဒေသနာတော် e-book များကိုအခမဲ့ download   ရယူဖတ်ရှုနိုင်ပါသည်။
  • Website မှ e-book များကို Category ၊ Sub Category များအလိုက်လည်းကောင်း ၊ Book Title ဖြင့်လည်းကောင်း ၊ Author Title ဖြင့်လည်းကောင်း၊ အက္ခရာစဉ်တို့ဖြင့် လည်းကောင်း ရှာဖွေနိုင်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြုနိုင်ပါသည်။