သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်းဖော်ပြခြင်း

 သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရာတွင် ဘွဲ့လျှောက်ထားသော ဆရာတော်၊ လူပုဂ္ဂိုလ်များသည် မိမိတို့၏သာသနာရေးဆိုင်ရာဆောင်ရွက်ချက်၊ ထေရုပ္ပတ္တိ၊ ကိုယ်ရေးအကျဉ်း၊ လှူဒါန်း ထားသော အလှူငွေစာရင်းများနှင့် မှန်ကန်ကြောင်း သက်ဆိုင်ရာထောက်ခံချက်၊ သံဃနာယကအဖွဲ့ အဆင့်ဆင့်ထောက်ခံချက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ အုပ်ချုပ်ရေးမှူးများ၏ထောက်ခံချက်များ၊ ရဲစခန်းထောက်ခံချက်နှင့်တကွ သတ်မှတ်ရက်အမီ လျှောက်ထားရပြီး တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးများက သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများအား စိစစ်လက်ခံပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးများမှ စိစစ်ထားသည့် ဘွဲ့လျှောက်လွှာများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ဦးစီးပါဝင်ဖွဲ့စည်းထားသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်စိစစ်ရွေးချယ်ရေးအဖွဲ့သို့ တင်ပြ၍ယင်းအဖွဲ့မှ စိစစ်ရွေးချယ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(သာသနာရေး)သို့ သတ်မှတ်ရက်အမီ ပေးပို့ တင်ပြရပါသည်။

ထိုသို့ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်လွှာများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး) ကြီးကြပ်မှုအောက်တွင်ရှိသော ဦးစီးဌာနများမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် များစိစစ်ရေးချယ်ရေးအဖွဲ့များ ဖွဲ့စည်း၍သတ်မှတ်အရည်အချင်းများနှင့်ညီညွတ်သူများကို စိစစ်ရွေးချယ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစီးသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်အပ်နှင်းရေးဆိုင်ရာ စိစစ်ရေးအဖွဲ့က သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီမှုရှိသူများကို စိစစ်ရွေးချယ်ပါသည်။

ထိုသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများအား စိစစ်ရွေးချယ်ပြီးပါက ဘွဲ့လျှောက်လွှာ များကို ဒုတိယသမ္မတ(၁) ဦးဆောင်ပါဝင်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့သို့ ဆက်လက်တင်ပြ၍ အတည်ပြုချက်ရယူပါသည်။

၎င်းနောက် ဒုတိယသမ္မတ(၁) ဦးဆောင်ပါဝင်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်စိစစ်ရေးအဖွဲ့က အတည်ပြုထားသည့် ဘွဲ့လျှောက်လွှာများကို နိုင်ငံတော် သမ္မတရုံးသို့ ဆက်လက်တင်ပြပြီး နိုင်ငံတော်သမ္မတရုံးမှ အစိုးရအဖွဲ့ အစည်းအဝေးသို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပြအတည်ပြုချက် ရယူကာ နှစ်စဉ် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရပါသည်။

ထိုသို့ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီးမှသာ ဘွဲ့တံဆိပ်တော် ရရှိကြသည့် ဆရာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လျက်ရှိကြောင်းဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းလုပ်ငန်းစဉ်များအား အများ ပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။