တရားပွဲများ၌ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”ရွတ်ဆိုဆုတောင်းခြင်း မပြုလုပ်ရန် ရေးသားဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း

ဖြောင့်မတ်တည်ကြည် အမှောင်ပယ်တိုက် ဘက်မလိုက် သတင်းဂျာနယ် Page ၏ Facebook စာမျက်နှာပေါ်၌ Zay Lin Htike အကောင့်အမည်ဖြင့် မြန်မာ နိုင်ငံရေး ဘက်မလိုက် သတင်း ဟစ်တိုင် တွင် “မနေ့ နေ့လည်ပိုင်းက ပြုလုပ်တဲ့ သာသနာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သာသနာရေးဝန်ကြီး ဦးအောင်ကို က တရားပွဲများတွင် ရွတ်ဆို ကြွေးကြော်လေ့ရှိသော ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ဆိုသည်မှာ ဗုဒ္ဓသာသနာ အဓွန့်ရှည်ပါစေသော်ဟု အဓိပ္ပါယ်ရကြောင်းနှင့် ၎င်းစကားရပ်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသ၏ ရည်ရွယ်ချက်နှင့် ထပ်တူကျနေသဖြင့် မရွတ်ဆိုသင့်ကြောင်း၊ တရားမျှတသော သာသနာ ဖြစ်ဖို့အတွက် အခြားဘာသာ သာသနာကို လေးစားသောအားဖြင့် နောက်နောင် တရားပွဲများတွင် မရွတ်ဆိုဖို့ တိုက်တွန်းပါသော်လည်း အတင်းအကြပ် မလုပ်ပါဘဲ မိမိတို့၏အသိတရားဖြင့် တဖြည်းဖြည်း ပြင်သွားစေလိုကြောင်း ပြောကြားသွားသည်”ဟု မမှန်မကန် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

            အဆိုပါလူမှုကွန်ရက်အင်တာနက် Facebook စာမျက်နှာများတွင် ရေးသားဖော်ပြသည့် အကြောင်းအရာ များသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခြင်း၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခြင်း လုံးဝ(လုံးဝ)မရှိပါကြောင်းနှင့် အများပြည်သူ အထင်အမြင်လွဲမှားစေရန် ဖန်တီး လှုံ့ဆော်နေခြင်းကြောင့် ထိုသို့ရေးသားဖော်ပြသော Facebook Account နှင့် Page များအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ် ပါသည်။